စိတ်ကျန်းမာဖို့ သဘာဝအရ ကုစားကြပါစို့
မိမိတို့ရဲ့နေ့ရက်တိုင်းမှာ သဘာဝအလှတရားတွေနဲ့ ထိတွေ့ဖို့ အချိန်တန်ပါပြီ။ ဌက်ကလေးတွေ၊ ရှဉ့်ငယ်လေးတွေကို ပန်းခြံထဲမှာ မြင်တွေ့ရတာဟာ စိတ်ကိုတည်ငြိမ်အေးချမ်းစေတယ်၊ ခံစားချက်ကို ကောင်းစေတယ် ဆိုတာကို အလိုလိုသိပေမဲ့ သဘာဝတရားရဲ့ ကုထုံး (Nature therapy ) ဟာ လက်တွေ့ဆန်ဆန် အကျိုးကျေးဇူးတွေ များပြားတယ်ဆိုတာကိုတော့ သတိထားမိချင်မှ ထားမိပါလိမ့်မယ်။
Nature therapy ဆိုတာ ဘာလဲ?
Ecotherapy လို့လည်းခေါ်တဲ့ Nature therapy ဟာ သဘာဝတရားကို အခြေခံပြီး မိမိတို့ကိုယ်ကို ကုစားမှု အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာကိုကုစားတဲ့ သဘောတရားကို ဆိုလိုပါတယ်။ ယနေ့ခေတ်မှာ ကျွန်မတို့တတွေဟာ သဘာဝပတ်ဝန်းကျင်ရဲ့ အလှတရားတွေကို ခံစားရမယ့်အစား ဖုန်းမျက်နှာပြင်နဲ့ အင်တာနက်ပေါ်မှာသာ အချိန်ကုန်ကာ အပန်းဖြေဖို့ အားထုတ်ကြပါတယ်။
ဖိစီးမှုတွေ ပြေလျော့ဖို့၊ ခွန်အားတွေပြန်ဖြည့်ဖို့ရာ အရင်အချိန်တွေကလို မြက်ခင်းပြင်တွေကိုဖြတ်ကာ စက်ဘီးစီးရင်း လေကောင်းလေသန့်ရှူတာမျိုး၊ ရေကန်ဘေးမှာ အေးအေးဆေးဆေးထိုင်တာ၊ လမ်းလျှောက်တာမျိုးအစား Social media နဲ့ video game တွေနဲ့သာ အစားထိုး အပန်းဖြေနေကြပါတော့တယ်။ ဒီအကျိုးဆက်ဟာ စိတ်အပန်းဖြေမှု အစစ်အမှန် ပေးတာမဟုတ်ဘဲ စိတ်ကျန်းမာရေးရောဂါတွေကို သွယ်ဝိုက်ဦးတည်နေပါတယ်။
Green and Blue therapy
"Green care" "Green exercise" "Green therapy" စတဲ့အသုံးအနှုန်းတွေဟာ အလကားပေါ်လာခြင်း မဟုတ်ပါ။ အစိမ်းရောင်လွမ်းမိုးနေတဲ့ သဘာဝပတ်ဝန်းကျင်မှာ အချိန်ကုန်ဆုံးခြင်းဟာ စွမ်းအားရှိတဲ့ အကျိုးကျေးဇူးတွေ ပေးစွမ်းလို့ဖြစ်ပါတယ်။
ဒါ့အပြင် စိတ်ချမ်းမြေ့စေတဲ့ အပြာရောင်ပင်လယ်တွေ၊ မြစ်တွေ၊ ကန်ရေပြင်တွေဟာလည်း Nature therapy မှာပါဝင်ပါတယ်။ ရေနဲ့ဆက်စပ်တဲ့ ပတ်ဝန်းကျင်အနီးမှာရှိနေရတာဟာ စိတ်ပညာအရ အားအင်သစ်တွေ ပြန်လည်ပြည့်ဝစေသလို စိတ်ခံစားချက်ကို ကောင်းမွန်စေပါတယ်။ အပြာရောင်ဟာ တည်ငြိမ်ခြင်း၊ ငြိမ်သက်အေးချမ်းခြင်းကို ကိုယ်စားပြုပါတယ်။
Nature therapy ရဲ့ မတူညီသော ပုံစံများ
- Farming-related therapy (သီးနှံများ လုပ်ကိုင်စိုက်ပျိုးရင်း၊ အပေါင်းအဖော်များနဲ့ အတူတကွ လုပ်ကိုင်ရင်း စိတ်အပန်းဖြေတဲ့ကုထုံး)
- Animal-assisted therapy (ခွေးလေး၊ မြင်းလေးများနဲ့ ကစားရင်း၊ လေ့ကျင့်ပေးရင်း စိတ်အပန်းဖြေတဲ့ကုထုံး)
- Adventure therapy (စွန့်စားမှုဆန်တဲ့ အားကစားအပြင်းစားများ ဥပမာ rock climbing ဆော့ကစားရင်း စိတ်ဖိစီးမှု ဖြေဖျောက်တဲ့ကုထုံး)
- Wilderness therapy ( ဆယ်ကျော်သက်များနဲ့ လူငယ်များရဲ့ အပြုအမူပိုင်းဆိုင်ရာ ပြသာနာများကို ဖြေရှင်းပေးခြင်း)
- Forest therapy ( မိမိရဲ့ အာရုံငါးပါးကို အသုံးပြုကာ တောထဲမှာ လမ်းလျှောက်ခြင်း)
သဘာဝနဲ့ ထိစပ်နေခြင်းရဲ့ အကျိုးကျေးဇူးများ
- ပျော်ရွှင်မှုကို တိုးမြင့်စေနိုင်ခြင်း
- စိုးရိမ်မှု၊ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းတွေကို လျော့နည်းစေခြင်း
- ထိုးထွင်းသိမြင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်းကို ကောင်းမွန်စေခြင်း
မိမိတို့ အိမ်တွင်းမှာ သဘာဝတရားနဲ့ နီးစပ်အောင် ဘယ်လိုလုပ်နိုင်သလဲ?
- အပင်ငယ်လေးတွေ ထားပါ။ အပင်လေးတွေက လေထုထဲက အဆိပ်အတောက်တွေကို စုပ်ယူပေးပါတယ်။ ဒါ့အပြင် အပင်လေးတွေအတွက် အချိန်ပေးတတ်တဲ့သူဟာ သူတစ်ပါးအပေါ် ဂရုတစိုက်ရှိတယ်၊ စာနာတတ်တယ်၊ စိတ်အားထက်သန်တယ်လို့ လေ့လာချက်တွေမှာ တွေ့ရပါသတဲ့။
- သဘာဝတရားကို ရိုက်ကူးထားတဲ့ ဓာတ်ပုံလှလှတွေ၊ ပန်းချီကားတွေ ချိတ်ဆွဲထားပါ။ လှပတဲ့ ရှူမျှော်ခင်းတွေ၊ စိမ်းစိုတဲ့ တောတောင်ရေမြေပုံတွေကို ရွေးချယ်ပါ။ ချစ်စရာကောင်းတဲ့ အစိမ်းရောင်မြင်ကွင်းဟာ ကြည့်ရှူသူရဲ့ စိတ်ဖိစီးမှုကို လျော့နည်းစေပါသတဲ့။
- Soothing nature sounds ပါတဲ့ application တွေကို download လုပ်ကာ သဘာဝရဲ့တေးသံသာတွေကို နားဆင်ကြည့်ပါ။ ရေတံခွန်စီးကျသံ၊ မိုးတစ်ဖြောက်ဖြောက်ရွာသံတွေရဲ့ စွမ်းအားကို အထင်မသေးလိုက်ပါနဲ့။ ရလဒ်ဟာ စိတ်အပန်းဖြေမှုကို တိုးပွားစေရုံမက အေးစိမ့်ကြည်နူးမှုကို ပေးစွမ်းပါတယ်။
မိခင်သဘာဝတရားရဲ့ ကုစားပေးနိုင်တဲ့ အကျိုးစွမ်းပကားတွေကို ရယူကာ စိတ်ကျန်းမာရေးအတွက် အထောက်အကူရရှိကြောင်း သိပ္ပံပညာလေ့လာချက်အတော်များများက ပြသပေးနေပါတယ်။ ဒီအချက်ကို သိရှိပြီး Social mediaနဲ့ screen တွေမှာ အချိန်ကုန်ဆုံးမယ့်အစား ကုန်ကျစရိတ်သက်သာ၊ ထိရောက်တဲ့ Nature therapy နည်းလမ်းကို အသုံးချကြည့်ဖို့ အကြံပြုပါတယ်။
ရေးသားသူ - Dr. May Myat Tun